သတင်း

အာဒိကမ္မိက အဂ္ဂါဘိဓဇ မစိုးရိမ်တိုက်သစ် ဆရာတော်ကြီး ဘဒ္ဒန္တသိရိန္ဒာဘိဝံသ၏ ဘဝပုံရိပ်(၁)

ကျေးဇူးတော်ရှင် မစိုးရိမ်တိုက်သစ်ဆရာတော်ကြီး ဘဒ္ဒန္တသိရိန္ဒာဘိဝံသ ဘဝနတ်ထံ ပျံလွန်တော်မူသည်မှာ လာမည့် တန်ခူးလကွယ်နေ့ဆိုရင် (၁၅)နှစ်ပြည့်တော့မည်ဖြစ်သည်။

ဆရာတော်ကြီး မရှိတော့သော်လည်း ဆရာတော်ကြီး အုတ်မြစ်ချခဲ့သော မစိုးရိမ်တိုက်သစ်ကြီးကား ဆရာတော်ကြီးလက်ထက်မှာကဲ့သို့ပင် အရှိန်အဟုန်ဖြင့် တိုးတက်ထွန်းကားလျက် ရှိပါ၏။

ဆရာတော်ကြီး အပင်ပန်းခံ စိုက်ပျိုးခဲ့သော သာသနာ့ဥယျာဉ်တော်ကြီး စည်ပင်ပြန့်ပြူး စိမ်းလန်းသာယာလျက်ရှိသည်ကို အများပြည်သူတို့ မျက်မြင်ကိုယ်တွေ့ ခံစားကြရသော်လည်း ဆရာတော်ကြီး၏ သာသနာပြုစိတ်ဓာတ်နှင့် ဘဝပုံရိပ်ကိုကား လူသိနည်းလှပေသည်။

လွန်တော်မူခြင်း (၁၅)နှစ်ပြည့် နှစ်ပတ်လည်ပူဇော်ပွဲ၌ကား လူသိနည်းသော ဆရာတော်ကြီး၏ သာသနာရေးဆောင်ရွက်ချက်များ၊ သာသနာပြုစိတ်ထားများ၊ ကြည်ညိုဖွယ်ဂုဏ်ပုဒ်များ၊ ကြီးမားဖွယ်ရာ ဂုဏ်ကျေးဇူးများကို ဘဝပုံရိပ်တစ်ခုအဖြစ် အထူးထုတ်မဂ္ဂဇင်း ဖြန့်ချီမည် ဖြစ်ပါသည်။ စာမူများလည်း တောင်းခံထားပါသည်။ ရောက်ရှိလာသော စာမူများမှ ကောင်းနိုးရာရာများကို Hight Light (ကောက်စာ)အဖြစ် အခန်းဆက် တင်ပြပေးသွားပါမည်။

စာမူများပေးပို့လိုပါက
ဘဒ္ဒန္တနန္ဒာဘိဝံသ
ဓမ္မပါကဋကျောင်း
မစိုးရိမ်တိုက်သစ်
မဟာအောင်မြေမြို့နယ်
မန္တလေး
092035013 သို့ ပေးပို့နိုင်ပါသည်။
————————————————————-

“ပြန်ပြောင်းသတိရခိုက် မစိုးရိမ်ကျောင်းတိုက်”

ဤအရှင်နှင့်အတူ ယာနကျောင်းတွင် ဝါဆိုခဲ့သော မိုးညှင်းမြို့နယ်၊ ကြာကြီးကွင်းကျေးရွာမှာ ဆယ်တန်း အောင်ပြီး ရဟန်းဝတ်ကာ မစိုးရိမ်တိုက်သစ်၌ စာဝါလိုက်နေသော ခက်ဝေခေါ် အရှင်ဉာဏိဿရနှင့် ဆရာတော်ကြီးတို့ စတင်တွေ့ဆုံမှုသည်လည်း စိတ်ဝင်စားစရာကောင်းလှပါသည်။
ထိုအရှင်ခက်ဝေသည် ဆယ်တန်းအောင်ပြီး ကိုရင်ကြီးဘဝဖြင့် မစိုးရိမ်တိုက်သစ်၊ ဓမ္မယာနကျောင်း၌ စာဝါလိုက်ရင်း သူသိလိုသော သံဃာဒိသေသ်အာပတ် ကုစားလို့ ရသလားဘုရားဟု ဆရာတော်ဘုရားကြီး အား မကြောက်မရွံ့ သွားရောက်မေးလျှောက်သောအခါ ဆရာတော်ဘုရားကြီးက ဓမ္မယာနကျောင်းသို့ ခေါ်ယူကာ အဋ္ဌကထာ၊ ဋိကာများဖြင့် သေသေချာချာ ရှင်းပြကာ ဖျော်ရည်များဖြင့်ပင် တိုက်ကျွေးခဲ့သေး ကြောင်း သိရှိခဲ့ဘူးပါသည်။ ထုအရှင်ခက်ဝေသည် ယာနကျောင်းတွင် မိမိနှင့် ရင်းရင်းနှီးနှိးနေခဲ့ပါသည်။ ဝိနည်းအရာ စိတ်ဝင်စားသော ကိုရင်ကြီးကို အလေးထားဖြေဆိုပေးခဲ့သော ဆရာတော်ဘုရားကြီး၏ သာသနာချစ်မြတ်နိုးစိတ် ထင်ရှားနေသည်ကို ပြဆိုနေပေသည်။

အရှင်ကဝိပါလ
ဓမ္မယာန(၁၃၅၇-၁၃၆၅)