သတင်း

နဂါးရုံဘုရားလေး မင်းဘေးကင်းဝေးစေသော်ဝ်

ရန်ကုန် တောင်ဒဂုံမြို့နယ် အမှတ်(၇၀)ရပ်ကွက် ဆုထူးပန်-၇လမ်း(ရွှေကိန္နရီ-၂လမ်း)ထိပ် ဈေးကွင်းပတ်လမ်း မှာ တည်ထားတဲ့ ဓမ္မာရုံနှင့် ရုပ်ပွားတော်များ ဖျက်သိမ်းပေးဖို့ ထွေအုပ်က အကြောင်းကြားလာပါတယ်။ ခွင့်ပြုချက်မဲ့ ဆောက်လုပ်ထားလို့ ဖျက်ခိုင်းတာပါ။

23.6.2017 ရက်နေ့ နောက်ဆုံးသတ်မှတ်ထားပါတယ်။ လောလောဆယ် ဦးကျောက်ကြီး(ခ)ဦးစိုးသောင်းကို လိပ်မူပြီး မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးက ထုတ်ပြန်လိုက်တာပါ။ ဒါနဲ့ပတ်သက်ပြီး လက်ရှိဂေါပက ဦးကျောက်ကြီး(ခ)ဦးစိုးသောင်းက ပြန်လည်တင်ပြထားပါတယ်။

ဓမ္မာရုံကိုလည်း သူဆောက်လုပ်ခဲ့ခြင်းမဟုတ် ရုပ်ပွားတော်တွေကိုလည်း သူတည်ထားကိုးကွယ်ခြင်းမဟုတ် လွန်ခဲ့တဲ့ ၆ နှစ်ခန့်က ဆရာတော်ဦးပညာဒီပနှင့် ရပ်ကွက်သူ ရပ်ကွက်သားများက နဂါးရုံဘုရား တည်ထားကိုးကွယ်ခဲ့တာဖြစ်ပြီး ဆရာတော်ဦးပညာဒီပလည်း ယခုအခါ တောင်ဒဂုံမှာမရှိတော့ပါ။ မြင်းခြံမြို့မှာ ပြောင်းရွှေ့သတင်းသုံးနေထိုင်ခဲ့တာ သုံးလေးနှစ်တောင်ရှိပါပြီ။
ဆရာတော်ဦးပညာဒီပမရှိတဲ့နောက်ပိုင်း နဂါးရုံဘုရားအနီးတွင် ပတ်ဝန်းကျင်သန့်ရှင်းမှုမရှိခြင်း အမှိုက်များ လာရောက်စွန့်ပစ်ခြင်းတို့ကြောင့် အမြင်မတော်သဖြင့် ကြည်ညိုဖွယ်လည်းဆောင် အများပြည်သူတို့လည်း ကုသိုလ်ဘာဝနာပွားခွင့်ရအောင် ဦးကျောက်ကြီးတို့ဦးဆောင်ပြီး ပြုပြင်မွမ်းမံခဲ့ကြတာပါ။

အဲဒီလိုပြုပြင်လာခဲ့တာ ရှစ်လကျော်ရှိခဲ့ပြီး နဂါးရုံဘုရားဝင်း ဓမ္မာရုံအတွင်းမှာပဲ ရပ်ကွက်သူ ရပ်ကွက်သားများက ဥပုသ်သီတင်းသီလဆောက်တည်ခြင်း၊ စတုဒီသာကျွေးမွေးခြင်း ဓမ္မာစင်္ကြာရွတ်ဖတ်ပူဇော်ခြင်း တရားဘာဝနာ ပွားများခြင်း ဝါတွင်းဝါပ ဆွမ်းလောင်းလှူခြင်းများနှင့် စည်ကားစွာ ကုသိုလ်တရားတိုးပွားလျက်ရှိနေပါတယ်။

ထိုသို့ စည်ကားရခြင်းအကြောင်းမှာလည်း ရပ်ကွက်အတွင်း၌ ဘုန်းကြီးကျောင်းမှာမရှိခြင်း၊ ဓမ္မာရုံများမရှိခြင်း ဘုရားတရားပြုလုပ်ရန် အများပြည်သူ စုပေါင်း၍ ဘုရားအလုပ် တရားအလုပ်လုပ်ရန် နေရာမရှိခြင်းတို့ကြောင့် ဒီဓမ္မာရုံလေးနဲ့ဒီဘုရားကိုပဲ အားထားနေရတာပါ။

ဘုရားမြေကလည်း ကျယ်ဝန်းလှသည်တော့မဟုတ်ပါ။ ပေ ၃၀ ပေ၆၀ပဲ ရှိတာပါ။ အရင်တုန်းက ဒီနေရာမှာ ဈေးဆောက်ဖို့ သတ်မှတ်လျာထားတာပါ။ ဈေးမဆောက်ဖြစ်လို့ ဦးရာလူ ကျူးနေကြတာပါ။ ဒီနေရာမှာ ရပ်ကွက်တည်သည်ဖြစ်စေ အခြားစီမံကိန်း ဖော်ဆောင်သည်ဖြစ်စေ ဓမ္မာရုံနဲ့ဘုရားကတော့ မဖြစ်မနေရှိနေရမှာပါပဲ။

အများပြည်သူတို့ ဘုရားတရားလုပ်လို့ရတာပေါ့။ ဓမ္မာရုံနဲ့ဘုရား ရှိနေတာ ဘယ်သူ့ကိုဒုက္ခပေးလို့လည်း၊ ဘယ်သူ့ကိုထိခိုက်နစ်နာစေလို့လဲ မြေကရော ဘယ်လောက်တောင် ဆုံးရှုံးသွားလို့လည်း၊ သက်ဆိုင်ရာအာဏာပိုင်တွေ စဉ်းစားတွေးခေါ်ဖို့ပါ။
တစ်ခုတော့ရှိပါတယ် ဦးဇင်းတို့လူမျိုးတွေက ကိုယ်မှန်တာလုပ်တာပဲ ကောင်းတာလုပ်တာပဲဆိုပြီး အာဏာပိုင်တွေကို အပီမပေါင်းနိုင်ကြတာပါပဲ။

သူများတွေကျတော့ အရင်ချဉ်းကပ်တယ်၊ ပြီးရင် အကြံဥာဏ်တောင်းတယ် အာဏာပိုင်တွေကို ခါးပိုက်ထဲရောက်အောင်ထည့်ပြီးမှ အာဏာပိုင်တွေညွှန်ကြားတဲ့အတိုင်း လိုက်လုပ်တာဖြစ်လို့ သူတို့တတွေကို ဘယ်သူကမှ ပစ်မှတ်မထားကြပါဘူး။ တစ်စုံတစ်ရာစီမံကိန်းရှိလို့ အထက်က အရေးယူလာမယ်ဆိုရင်လည်း အာဏာပိုင်တွေကပဲ တာဝန်ယူဖြေရှင်း သွားတော့တာပါ။

အာဏာပိုင်တွေအနေနဲ့ ပလပ်မြေမှာ ဘုရားတည်ကျောင်းဆောက်ထားလို့ ဘာမှ မထိခိုက်ပါဘူး။ ခွင့်ပြုချက်မဲ့ဆောက်ထားလို့ တရားမဝင်ရင်လည်း တရားဝင်အောင် လုပ်ပေးလို့ရပါတယ်။ ဘုရားမျက်နှာမကြည့် အများမျက်နှာမကြည့်ဘဲ အမိန့်ထုတ်ပြီးဖျက်ခိုင်းတယ်ဆိုတာကတော့ လုံးဝမသင့်တော် ပါဘူး။ ဒါလေးကို ပြေပြေလည်လည်ဖြစ်အောင် အများပြည်သူကုသိုလ်တိုးအောင် လုပ်ပိုင်ခွင့်မူဘောင်ထဲကနေပဲ ဆက်လက်လုပ်ဆောင်ပေးပါလို့ တိုက်တွန်းပါရစေ။

ဦးကျောက်ကြီးနှင့်တကွ ဓမ္မာရုံကို ဝိုင်းဝန်းစောင့်ရှောက်နေကြတဲ့ ရပ်ကွက်သူ ရပ်ကွက်သားတွေကိုပြောချင်တာက ဘုရားပေးတဲ့နည်းလမ်းကို ကျင့်သုံးဖို့ပါပဲ။ လူ၏အလျောက်၊ ရံခါလှောက်၍၊ မျက်မှောက်ဘေးရန်၊ ဖြစ်ခဲ့ပြန်သော်၊ မန္တာန်စုပ်ဘိ၊ ပညာရှိနှင့်၊ နှိုင်းညှိတိုင်ပင်၊ ချစ်ခင်စရာ၊ သာယာစကား၊ ပဏ္ဏာဖျား၍၊ ပေးညားတန်စိုး၊ ဆွေမျိုးဆက်နွယ်၊ ဤငါးသွယ်ဖြင့်၊ ကိုယ်ဝယ်ရောက်လာ၊ မှုရေးရာ၌၊ ချမ်းသာရမြဲ၊ မလွဲမှန်လှ၊ သို့မရမူ၊ ကမ္မသကာ၊ ငါ့ကံသာဟု၊ ကြမ္မာကိစ္စ၊ ကံကိုချလော့။(မဃဒေဝ။ ၂၈၃)

ဂါထာတွေရွတ်ရမယ် ပညာရှိသူတွေနဲ့တိုင်ပင်ရမယ်၊ ပိယဝါစာ ချစ်ခင်စကားတွေပြောရမယ်။ လက်ဆောင်ပဏ္ဏာတွေပေးရမယ်၊ ဆွေမျိုးစပ်ရမယ် ဒီငါးပါးဟာ လုပ်ငန်းအောင်မြင်ကြောင်းတရားတွေပါပဲ။
ဇပ္ပေန မန္တေန သုဘာသိတေန၊
အနုပ္ပဒါနေန ပဝေဏိယာ ဝါ။
ယထာ ယထာ ယတ္ထ လဘေထ အဋ္ဌံ၊
တထာ တထာ တတ္ထ ပရက္ကမေယံ။(ပဉ္စကနိပါတ် ဝဏ္ဏရောဟဝဂ် တစသာရဇာတ်။)
NLD အစိုးရလက်ထပ်၌ တောင်ဒဂုံမှ နဂါးရုံဘုရားလေး မင်းဘေးမှ လွတ်မြောက်နိုင်ပါစေဗျာ။

စုံစမ်းရန်-09.777900969 ကိုထွန်းလင်း မျိုးချစ်သွေးဓမ္မကွန်ရက်